မှတ်ချက်။ နော်မန်လိုပက် (Norman Lopez, Extra Master, FRSA, FNI, FAIN,MICS, MCIT, M.MLAANZ, ACIArb, Principal Lecturer, Department of Nautical Studies, Hong Kong Polytechnic) ၏ Maritime Law Association of Australia and New Zealand Journal ပါ ‘The master role in charter performance’ ကို မြှီငမ်း ရေးသား ထားပါသည်။ ဂျာနယ်ထုတ် ခုနှစ် အထောက်အထား ရှာမတွေ့ ပါ။ ၁၉၉၁ တွင် ရေးထားသည်ဟု ထင်ရပါသည်။ ။Master ဟူသော အသုံးထက် Captain ဟူသည်က ပို၍ ထင်သာ မြင်သာ ရှိမည်ဟု ယူဆသဖြင့် Captain ဟု သုံးထားပါသည်။
--
ယနေ့ ခေတ် ရေကြောင်းကုန်သွယ်မှု လောကတွင် မည်သည့် ပုဂ္ဂိုလ်များက သင်္ဘောများအား အမှန်တကယ် မောင်းနှင် ပြေးဆွဲ နေကြပါသနည်း။ ထိုကိစ္စနှင့် ပက်သက်၍ ကမ်းနားနေ ရုံးထိုင် ဆရာများ အနေဖြင့် ကုန်ကျစရိတ် သက်သာရေး ကိုသာ ဦးစားပေးဖို့ ရှိ၏။ ရာထူး အမည် မည်သို့တပ်ထားသည် ဖြစ်ပါစေ၊ လုပ်ငန်းနှင့် စပ်လျဉ်းသော ဘွဲ့တံဆိပ် များစွာကို ဆွတ်ခူးထားသူ ဖြစ်ပါစေ ထိုသူတို့သည် သင်္ဘောကို နေ့စဉ် အမှန်တကယ် စီမံအုပ်ချုပ်နေကြသူများမူ မဟုတ်ကြပါ။ နေ့တဓူဝ လုပ်ငန်းဆောင်တာများ၊ အခက်အခဲများ အားလုံးကို လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းရသော အဓိက ဇာတ်ဆောင်များမှာ မာစတာ (Master) ခေါ် ကပ္ပတိန် (Captain) များသာလျှင် ဖြစ်ကြပါသည်။ (*1)
ယူနိုက်တက် ကင်းဒမ်း (United Kingdom) တွင် ၁၉၈၈ ကုန်သွယ်ရေကြောင်း ဥပဒေ စတင် သက်ရောက်ချိန် မှစ၍ သင်္ဘောမှတ်ပုံတင် (Certificate of Registry) ထဲ၌ ကပ္ပတိန် အမည် ထည့်သွင်းရန် လိုအပ်ချက် ပျက်ပြယ်သွား ခဲ့သည်။ ဤဥပဒေသည် အမှန်စင်စစ် ကပ္ပတိန် တစ်ဦး၏ လုပ်ပိုင်ခွင့် အခန်းကဏ္ဍ များအား မှေးမှိန်စေသော၊ ၎င်း၏ ခေါင်းတလားတွင် ထပ်မံ ရိုက်နှက်လိုက်သော သံချောင်း တစ်ချောင်း ဖြစ်သည်။ (အီတလီလူမျိုး မာကိုနီ၏ ရေဒီယို ဆက်သွယ်ရေး တီထွင်မှုကို ကပ္ပတိန်တို့၏ ခေါင်းတလားအတွက် ပထမဆုံးသော သံတစ်ချောင်းဟု ဆိုနိုင်ပါသည်။) သင်္ဘောနှင့် ဆိပ်ကမ်းရှိ ရုံးချုပ် တို့၏ ရေဒီယို ဆက်သွယ်ရေးကြောင့် သင်္ဘော ကပ္ပတိန်တို့၏ ထိန်းချုပ်မှု ကင်းသော အဆုံးမဲ့အာဏာ ကျဆုံးခန်း စတင်လာခဲ့သည်။ တဖန် နှစ်တစ်ရာမျှ အကြာတွင် ပေါ်လာသော GMDSS (*2) စံနစ်သည် ကပ္ပတိန်တို့၏ လုပ်ပိုင်ခွင့် အားလုံးကိုသာမက ကမ္ဘာတစ်လွားရှိ ဆက်သွယ်ရေးအရာရှိ (Radio Officers) များ အားလုံးကိုပါ သင်္ဘောပေါ်မှ အပြီးတိုင် ဆွဲချသွားခဲ့သည်။
၁) သင်္ဘောပိုင်ရှင် တို့၏ အကျိုးစီးပွား
တစ်ခေတ်တစ်ခါက ကပ္ပတိန် ဆိုသည်မှာ သင်္ဘောရှိ သက်ရှိသက်မဲ့ အားလုံးတို့၏ အမှန်တကယ် master (အရှင်သခင်) ဟုပင် ဆိုနိုင်သည်။ ဆိပ်ကမ်းရုံးချုပ် (Head office) နှင့် သင်္ဘော တို့၏ အကွာအဝေး အနေအထားကို ထည့်သွင်း စဉ်းစားမည်ဆိုလျှင် ယနေ့ ခေတ် ကပ္ပတိန်တို့၏ အခန်းကဏ္ဍသည်လည်း ထိုယခင်က အတိုင်းပင် ဖြစ်သင့် ပေသည်။ ဤသို့ ဆိုရာတွင် ဥပဒေမှ သတ်မှတ်ထားသော သင်္ဘောဝန်ထမ်း၊ သင်္ဘောနှင့် ကုန်စည် ဘေးကင်း လုံခြုံရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ရေး စသည့် များမြောင်လှသော ကပ္ပတိန်၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ဆိုလိုရင်း မဟုတ်ဘဲ သင်္ဘောပိုင်ရှင်၏ စီးပွားရေးဆိုင်ရာ အရှုံးအမြတ်ကို အဆုံးအဖြတ် ပေးနိုင်သော ကပ္ပတိန်၏ လုပ်ပိုင်ခွင့် ကိုသာ ဆိုလိုရင်း ဖြစ်၏ ။
ရေကြောင်းဥပဒေများတွင် သင်္ဘောပိုင်ရှင်၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ကပ္ပတိန်၏ လုပ်ငန်းတာဝန် များကို တိုက်ရိုက် ပြဌာန်းထားခြင်း မရှိချေ။ ကပ္ပတိန်ဖြစ် စာမေးပွဲပါ ဘာသာရပ် “Business and Law” ၏ အစိတ်အပိုင်း တစ်ခုအနေဖြင့်သာ အနီးစပ်ဆုံး တွေ့နိုင်သည်။ ကပ္ပတိန်တစ်ဦး အနေဖြင့် ကုန်သည်ပွဲစား၊ သင်္ဘောပိုင်ရှင် အားလုံးတို့၏ အကျိုးစီးပွား အလို့ငှာ သင်္ဘောငှားရမ်း စာချုပ် (charterparties) များနှင့်အတူ ကမ္ဘာ့ နိုင်ငံအများစု၏ ရေကြောင်း အက်ဥပဒေ (shipping laws) များကိုပါ အတန်သင့် လေ့လာသိရှိထားရန် လိုအပ်သည်။ သို့ရာတွင် လက်တွေ့၌ သင်တန်းချိန်များ တိုတောင်းမှုနှင့် Business & Law ဘာသာရပ်၏ နက်နဲကျယ်ပြန့်မှုတို့ကြောင့် နှိုက်နှိုက်ချွတ်ချွတ် လေ့လာသိရှိရန် မဖြစ်နိုင်ပေ။
တဖက်တွင် ကုန်သည် ပွဲစား နှင့် သင်္ဘောပိုင်ရှင် အားလုံး၏ အကျိုးအမြတ်အတွက် အဓိကကျသော ငှားရမ်းစာချုပ်ပါ အချက်အလက်များကို ပြီးမြောက် အောင်မြင်စေမှု (performance of charter contractual obligations) သည် ကပ္ပတိန်တစ်ဦး၏ စွမ်းဆောင်ချက် အပေါ်တွင်သာ အဓိက မှီတည် နေသည်။ ၎င်းကိစ္စသည် လက်တွေ့တွင် ကပ္ပတိန်များအတွက် သေချာစွာ လေ့လာ သင်ကြားထားမှု နည်းပါးသော လုပ်ငန်း ဆောင်တာများကို (သက်ဆိုင်ရာ သင်္ဘောပိုင်ရှင်၊ ကုန်ပိုင်ရှင်၏ တိကျခိုင်လုံသော ညွှန်ကြားမှု မရှိသည့် အခြေအနေမျိုးတွင်) တာဝန်ယူရ သကဲ့သို့ ဖြစ်လာသည်။ စာချုပ်ပါ အချက်များအား ကပ္ပတိန်မှ သတင်းမရရှိခြင်း၊ နားမလည်ခြင်း၊ အယူမှားခြင်း၊ (အကြောင်းကြောင်းကြောင့်) မလိုက်နာခြင်း၊ ပျက်ကွက်ခြင်း စသည်တို့ ရှိလာခဲ့လျှင် သင်္ဘောငှားသူ ကုန်သည်၊ အာမခံကုမ္မဏီ နှင့် သင်္ဘော ပိုင်ရှင်တို့ အကြား အငြင်းပွားစရာ အလျော်အစား ပြဿနာများ ဖြစ်ပေါ်လာရ၏။ ဖြေရှင်းရန်အတွက်မူ တရား တဘောင် ရင်ဆိုင်ရန်မှ တစ်ပါး အခြားမရှိချေ။
စီးပွားရေး ကွင်းဆက်အရ သင်္ဘော ပိုင်ရှင်သည် မြတ်လို၍ စီးပွားရေးလုပ်သည်။ ကပ္ပတိန် အနေဖြင့် (ယခင် ခေတ်အခါ များကဲ့သို့ အခွင့်အာဏာ အပြည့် မရှိတော့သော်လည်း) သင်္ဘော ပိုင်ရှင်၏ ကိုယ်စား အမြတ် ရရှိအောင် တတ်စွမ်းသရွေ့ ကြိုးစားပေးရန် ဖြစ်သည်။ ယင်းကို ကပ္ပတိန်များ၏ အမှောင်ခေတ်သို့ ရောက်နေခြင်းဟု ဆိုနိုင်သည်။ (*3) အဘယ့်ကြောင့် ဆိုသော် ကပ္ပတိန်များသည် ဥပဒေအရ တာဝန်ယူထား ရသော ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ခြင်း၊ သင်္ဘောအား ဘေးကင်းလုံခြုံ စွာ မောင်းနှင်ခြင်း၊ ကုန်တင် ကုန်ချခြင်း စသည်တို့ အပြင် ဥပဒေတွင် မပါသော ကုန်သွယ်စာချုပ်၊ သင်္ဘောငှားရမ်း စာချုပ်များအရ လုပ်ငန်းတာဝန် များကိုပါ ရှေးကကဲ့သို့ သြဇာအာဏာ မရှိတော့သော်လည်း ရှေးခေတ်ကအတိုင်း ဆက်လက်တာဝန်ယူ ဆောင်ရွက် နေရခြင်းကြောင့် ဖြစ်သည်။
*1. ရာထူးအရ (master) မာစတာ ဟုခေါ်ပြီး လူအမည်တွင် ကပ္ပတိန်(captain) တပ်သော အလေ့ရှိ၏။ လူတို့တွင် မွေးစာရင်း၊ မှတ်ပုံတင်၊ နိုင်ငံသား စိစစ်ရေးကဒ် ရှိသကဲ့သို့ပင် သင်္ဘောတွင်လည်း certificate of registry ရှိသည်။ လူတွင် အဘနာမည် ထည့်ရေး သကဲ့သို့ ရှေးခေတ် သင်္ဘော မှတ်ပုံတင်များတွင် ကပ္ပတိန် နာမည် ထည့်ရေးရသည်။ ယခုခေတ်တွင်တော့ သင်္ဘောပိုင် ကုမ္ပဏီ၏ အမည်သာ ထည့်သွင်း ဖော်ပြရန် လိုအပ်သည်။
*2. GMDSS= global maritime distress and safety system (ကမ္ဘာလုံးဆိုင်ရာ ရေကြောင်း အရေးပေါ် ဆက်သွယ်ရေး စံနစ်) သည် ဂြိုဟ်တုများ၊ ရေဒီယို ကိရိယာများ၊ တည်နေရာပြ ကိရိယာများ၊ ကယ်ဆယ်ရေး ရေယာဉ်များ၊ လေယာဉ်များ၊ အခြေစိုက်စခန်းများ ပါဝင် ဖွဲ့စည်း ထားသော ခေတ်မီ ကယ်ဆယ်ရေး စံနစ် တစ်ခုဖြစ်သည်။ ထိုစံနစ် မပေါ်မီက ရုံးချုပ်နှင့် သင်္ဘော ဆက်သွယ်ရေး အတွက် လိုတိုရှင်း စံနစ်ဖြစ်သော morse code ကြေးနန်း ရေဒီယို ဆက်သွယ်ရေး စံနစ်ကိုသာ သုံးရခြင်း ဖြစ်ရာ ကပ္ပတိန်၏ သြဇာအနည်းငယ် ကျန်ရှိတုန်းဟု မူရင်း စာရေးသူမှ ဆိုလိုချင်ပုံ ရပါသည်။ ယနေ့ ခေတ်တွင်မူ သမုဒ္ဒရာ အလယ်မှပင် ဖုန်းဆက်၊ အီးမေးလ်ပို့၊ အင်တာနက် သုံး၍ ရသော သင်္ဘော အများအပြားပင် ရှိနေကြပြီ။
*3. မိမိသင်္ဘော အမျိုးအစား၊ အသက်အရွယ်၊ တည်ဆောက်ပုံ၊ ကြံခိုင်ရေး၊ရာသီဥတု အပေါ်မူတည်၍ သင့်တော်သော ကုန်ပစ္စည်းကို ရှာခွင့်၊ ပြောခွင့်၊ အကြံပေးခွင့် မရှိဟု ဆိုလိုချင်ပုံရ၏။ ဈေးကွက်အား ကပ္ပတိန်ထက် သင်္ဘောပိုင်ရှင်မှ ပိုသိ၏။ သင်္ဘောအားမူ ကပ္ပတိန်မှ သင်္ဘော ပိုင်ရှင်ထက် ပိုသိသည်။ သင်္ဘောပိုင်ရှင်မှ အမြတ်ထွက်ဖို့ ပိုမို လိုလား၏။ ပိုစွန့်စား၍ ပိုက်ဆံပိုရှာချင်၏။ အခြားတစ်ဖက်တွင် ကပ္ပတိန်သည် သင့်ရုံမြတ်လျှင် တော်ပြီဟု စဉ်းစားသည်။ မလိုအပ်ဘဲ မစွန့်စားချင်။ (ဝါ) သင်္ဘောပိုင်ရှင်များမှာ ပိုက်ဆံကို ရှေ့တန်းတင် အလုပ်လုပ်ကြပြီး သင်္ဘောကပ္ပတိန်များမှာမူ သူတို့ နာမည်မပျက်ဖို့ရာ၊ ဂုဏ်သိက္ခာကို ဦးစားပေးကာ အလုပ်လုပ်ကြလေသည်။
ဆက်ရန်